Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာ-ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် (IPA)နှင့် သက်ရောက်မှု မေးခွန်းလွှာအပေါ် မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

By Myanmar Alliance for Transparency and Accountability and Land In Our Hand  •  January 14, 2016

မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းများသည် မြန်မာ-ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှပ်နှံမှု အကာအကွယ် ပေးရေး သဘောတူညီချက် (IPAကို ၂၀၁၄ခုနှစ်မှစ၍ အထူးဂရုပြု လေ့လာနေခဲ့ပါသည်။ မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှပ်နှံမှုအကာအကွယ်ပေးရေး သဘောတူညီချက် (IPA) ၏သက်ရောက်မှု နှင့်ပတ်သက်သော မေးခွန်းလွှာကို Development Solutions ဟုခေါ်သော အေဂျင်စီတစ်ခုမှ ပေးပို့ခဲ့ ပါသည်။ ထိုအေဂျင်စီကို ဥရောပသမဂ္ဂမှ ငှားရမ်းထားသော်လည်း ”ဥရောပကော်မရှင်၏ တရားဝင် ရပ်တည်ချက်ကို ကိုယ်စားမပြု” ဟုဆိုသဖြင့် ဥရောပ သမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာ ထံသို့ စာရေးသားပေးပို့ခဲ့ပါသည်။

ကျနိုပ်တို့အနေဖြင့် မကြာခင် ချုပ်ဆိုမည့် မြန်မာ-ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှပ်နှံမှု အကာအကွယ် ပေးရေးသဘော တူညီချက် (IPA) နှင့် ပက်သက်ပြီး များစွာ စိုးရိမ်ပူပန်မိပါသည်။ ထိုမေးခွန်းလွှာကို ဖြေကြားပေးပြီးနောက် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို အလေးအနက် ထားမထား၊ မိမိတို့ ဖြေကြားချက်များသည် မြန်မာအစိုးရနှင့် အီးယူတို့၏ ညှိနှိုင်းမှုပေါ် မည်သို့ သက်ရောက်မှုရှိစေမည် ဆိုသည့်အချက် နှင့် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း အီးယူသည် ” မြန်မာအရပ်ဖက်အဖွဲ့အစည်များနှင့် တိုင်ပင်ဆွေးနွေးသည်” ဟု သာမန်ကာလျှံကာ အဖြစ်လုပ်သည့် သဘောနှင့်သာ အဆုံးသတ်မည်လားစသည့်မေးခွန်းများကိုရေးသားမေးမြန်းထားပါသည်။

မေးခွန်းများ၏သဘောသဘာဝသည်လည်း ပြဿနာတစ်ရပ် ဖြစ်သည်။ မြန်မာအရပ်ဘက်လူမှု အဖွဲ့ အစည်းများအနေဖြင့် ညှိနှိုင်းဆွေးနွေးမည့် ထိုသဘောတူညီချက်မူကြမ်းအား ဖတ်ရှုလေ့လာခွင့် မရပဲ မြန်မာ-ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် (IPA)၏ သက်ရောက်မှုအလားအလာ မေးခွန်းများကို မည်သို့ ဖြေနိင်ပါမည်နည်း။ အီးယူသည် မြန်မာအရပ် ဘက် လူမှုအဖွဲ့အစည်းများ၏ အမြင်သဘောထားများကို အမှန်တကယ်ပင် စိတ်အားထက်သန်စွာ သိလိုပါက ယခုအချိန်အထိ ညှိနှိုင်းဆွေးနွေးမှုများတွင် အဆိုပြုထားသော သဘောတူညီချက် မူကြမ်းနှင့်တကွ ဥရောပ ကုန်သွယ်ရေး ဌာနနှင့် မြန်မာအစိုးရတို့၏ ရပ်တည်မှုများကိုပါ ရိုးသားပွင့်လင်း စွာ အသိပေး သင့်ပါသည်။

Development Solutions အေဂျင်စီမှ မေးမြန်းသော မေးခွန်းများသည် အရပ်ဘက် လူမှုအဖွဲ့အစည်း ရှုထောင့်ဖြင့် မသက်ဆိုင်ဘဲ စီးပွားရေး လုပ်ငန်းများအတွက်သာ အဓိက ရေးဆွဲထားပုံ ရပေသည်။

“ထိုသဘောတူညီချက်ကို ကျွနု်ပ်တို့ အားလုံးမှ လိုအပ်သလား” ဟူသော အဓိကမေးခွန်းကိုလည်း မထည့်သွင်းပဲ ချန်လှပ်ခဲ့သည်ဟု ကျန်ုပ်တို့ ယူဆသည်။

မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်း(၂၀၀)ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၁၄ခုနှစ် ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့သကဲ့သို့ပင်ယခုအချိန်အခါတွင် မြန်မာနိုင်ငံအ နေဖြင့် အဆိုပါပြဋ္ဌာန်းချက်များဖြင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များကို လုံးဝ လက်မှတ်ရေးထိုးခြင်း မပြုသင့်ပါ။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ကနဦးဆောင်ရွက်သည့် အဆင့်များတွင်သာ ရှိနေပါသေးသည်။ ဥပဒေများစွာနှင့် မူဝါဒများစွာကို ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပါသည်။ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်တစ်ခုသည် ဒီမိုကရေစီနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများကို အန္တရာယ် အဟန့်အတား ဖြစ်စေနိုင်ပါသည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အဟန့်အတားဖြစ်နေသောကြောင့် ချုပ်ဆိုထားပြီး သော ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်နေသော အခြားနိုင်ငံများထံမှ လေ့လာသင်ယူရန် လိုပါသည်။ ဥပမာ-အင်ဒိုနီးရှားနိုင်ငံတွင် သတ္တုတွင်း ဥပဒေ သစ်တစ်ရပ်သည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ပိုရစေနိုင်ပြီး နိုင်ငံအတွင်း အလုပ်အကိုင်များလို ပိုမို ဖန်တီးပေးနိုင်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များကို သုံးပြီး အဟန့်အတား စိန်ခေါ်မှုဖြစ်စေသကဲ့သို့ ပြည်သူ့ဘဏ္ဍာထဲမှ နစ်နာကြေး သန်းထောင်ချီပြီး တောင်းသည့်ကို ကြုံတွေ့နေရသည်။

Development Solutions၏ မေးခွန်းလွှာတွင် အောက်ပါ အဆက်စပ်ဆုံး အကြောင်းအရာများကို မမေးမြန်းထားသဖြင့်လည်း အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်

– နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ဆောင်ချက်ပေါ် မူတည်၍ ကန့်သတ်ချက်များ (performance requirements for foreign investors)၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မည်သို့ မည်ပုံ ပြုမူလုပ်ဆောင်သင့်သည်၊ မည်သည့် ကဏ္ဍများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ချမပေးဘဲ ကန့်သတ်ထားသင့်ပြီး မည်သည့် ကဏ္ဍများကို အများပိုင် ရင်းနှီးမြှုပ်နှံမှုနှင့် အများပြည်သူ ဝင်ငွေ ရရှိရေး သီးသန့်ထားသင့်သည် စသည့်တို့အပေါ် အကြံပြုချက်များ ပေးနိုင်ပါသည်။

– ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုရှိလာစေမည့် အလားအလာ။ ယခုမေးခွန်းလွှာသည် အားလုံးအတွက် တစ်ပုံစံ တည်း ဖြစ်ပုံရပြီး တမူကွဲပြားသော မြန်မာနိုင်ငံ၏ အခြေအနေနှင့် ဆီလျော်အောင် ပြုပြင်ဆောင်ရွက်ထားခြင်း မရှိပေ။

– ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးရေး နှင့် နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ အငြင်းပွားမှု ဖြစ်လျှင် ဖြေရှင်းရေး လုပ်ထုံး (investor protection and investor-state dispute settlement – ISDS)၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတော်၏ လုပ်ဆောင်နိုင်မှု အတိုင်းအတာတို့အပေါ် အလားအလာရှိသော သက်ရောက်မှုများ။

– ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးရေး၊ နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ အငြင်းပွားမှုဖြစ်လျှင် ဖြေရှင်းရေး လုပ်ထုံး (investor protection and investor-state dispute settlement – ISDS)နှင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား တိုးတက်စေမည့် နည်းလမ်းများ။ မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်းမတိုင်မီ ပြည်တွင်း၌သာကိစ္စအရပ်ရပ်ကို ပြီးပြတ်အောင် ဆောင်ရွက်စေလိုသော သဘောထားကို အီးယူက သဘောမတူကြောင်း သိရပါသည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်း တရားရုံး တက်စေပါက အစိုးရအနေနှင့် ပြည်တွင်း တရားစီရင်ရေးစနစ်ကို တိုးတက် ကောင်းမွန်အောင် မဖြစ်မနေ ပြင်ဆင်ရပါလိမ့်မည်။ အီးယူ လက်ရှိ ရွေးချယ်ထားသော စနစ်မှာ ဥရောပမှ ရင်းနှီးမြှုပ်နှံသူများကိုသာ အထူးအခွင့်အရေးရစေမည်။

နိုင်ငံတကာ ကူးသန်းရောင်းဝယ်ဆက်ဆံမှု အမှုအခင်းများတွင် နိုင်ငံတကာ အနုညာတ ခုံရုံးများ မှ မြန်မာပြည်ကို ဒဏ်ငွေရိုက်ခဲ့လျှင် ပြည်သူပိုင် နိုင်ငံတော် ဘဏ္ဍာငွေအပေါ် ဘဏ္ဍာရေး ဆုံးရှုံးနိုင်ခြေ အလွန်ကြီးမားမှုနှင့် သက်ရောက်မှုများ။

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်တစ်ခုကို လိုချင်စိတ်။ မေးခွန်းလွှာတွင် ကျွန်ုပ်တို့အားလုံးက IPAကို မလွဲမသွေ လက်ခံမည်မှာ မေးစရာမရှိသကဲ့သို့ အပိုင်တွက်ထားသည့်သဘောဖြစ်နေသည်။ ပြည်သူပိုင် နိုင်ငံတော်ဘဏ္ဍာငွေကို မထိခိုက်စေပဲ ရင်းနှီး မြုပ်နှံသူများကို အကာအကွယ်ပေးနိုင်သော အခြားနည်းများရှိပါသည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံတကာ ဘဏ်ကြီးများမှ ရင်းနှီးမြှုပ်နှံမှုအာမခံဝယ်ယူနိုင်သလို ရင်းနှီးမြှုပ်နှံသူ အကာအကွယ်ပေးရေးကို မြန်မာအစိုးရနှင့် ရင်းနှီးမြုပ်နှံသူတို့၏ နှစ်ဦးသဘောတူစာချုပ်တွင် ထည့်သွင်းနိုင်သည်။ ဤနည်းအားဖြင့် မြန်မာအစိုးရသည် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူတိုင်းကို ISDS ပေးခြင်းကြောင့် ဆုံးရှုံးမှုများနိုင်သည့် အခြေအနေအထိ စွန့်စားရန် မလိုအပ်ပဲ အချို့သော ရင်းနှီးမြှုပ်နှံမှုများတွင် အရဲစွန့်လိုသည်များကို သေချာကျနစွာ သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူ၏ ကောင်း၊ဆိုး လုပ်ဆောင်ချက်ပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံသူကို အကာ အကွယ်ပေးသင့်၊ မသင့် ချိတ်ဆက်ပေးထားသောကြောင့် အစိုးရက (ရင်းနှီးမြှုပ်နှံသူအပေါ်) ထိန်းကျောင်းစည်းကြပ်နိုင်သော အဝန်းအဝိုင်းပိုကျယ်သည့် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အစပြုကျင့်သုံးနေသော ရင်းနှီးမြှုပ်နှံသူ၏ လုပ်ဆောင်ချက်ပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးခြင်း ပုံစံသစ်။ ပြီးခဲ့သောနှစ်များအတွင်း မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဥရောပသမဂ္ဂ (အီးယူ) နှင့် မြန်မာ အစိုးရသို့ စာပေါင်း များစွာတင်ခဲ့ပြီး ဖြစ်သည်။ မြန်မာ – ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှုပ်နှံမှု စာချုပ်နှင့်ပတ်သက်သော ကိစ္စများတွင် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အလွန် စိတ်ဝင်စားပါသည်။

ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးသဘောတူညီချက်သည် “ပွင့်လင်းမြင်သာမှုကို အားပေးမြင့်တင်” ပေးမည်ဟု ကြားရသောကြောင့် ဥရောပသမဂ္ဂ (အီးယူ) နှင့် မြန်မာအစိုးရ လက်ရှိ ညှိနှိုင်းလျှက်ရှိသော ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် မူကြမ်းကို မြန်မာလူမှုအဖွဲ့အစည်းများသို့ ထုတ်ပြန်ပေးပြီး ပွင့်လင်းမြင်သာမှု အစပြုရန် တိုက်တွန်းလိုက်ပါသည်။ ထိုသို့ သိရှိမှသာ မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် သဘောထားတစ်ခုကို ယူနိုင်ပါမည်။

ဤမေးခွန်းလွှာကို အင်တာနက်ပေါ်တွင် အွန်လိုင်း ဖြေကြားနိုင်ကြောင်း အသိမပေးခဲ့သော်ငြားလည်း ယခု သိလာရပါသည်။ ထို့အပြင် မေးခွန်းလွှာသည် မြန်မာဘာသာပြန် မရှိသကဲ့သို့ မြန်မာနိုင်ငံတွင် သုံးသော အဓိက တိုင်းရင်းသား ဘာသာစကားများဖြင့်လည်း မရှိပေ။ ဤသည်မှာ ဖြေကြားနိုင်မည့် အုပ်စုများကို သိသိသာသာ ကန့်သတ်ထားခြင်းဖြစ်ပါသည်။ အွန်လိုင်းမေးခွန်းလွှာကို ဇန်နဝါရီလ ၅ ရက်နေ့က တင်ခဲ့ပြီး ဇန်နဝါရီလ ၃၀ အထိဟုသာ အချိန်သတ်မှတ်ထားပါသည်။ Development Solutions အေဂျင်စီမှ မေးခွန်းလွှာ ဖြေဆိုရန် ပေးထားသော အချိန်သည် ဒေသခံ စီးပွားရေး လုပ်ငန်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်သော အုပ်စုများအတွက် လုံလောက်ရှိ၊ မရှိလည်း သိလိုပါသည်။

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်အပေါ် တိုင်ပင်ဆွေးနွေးမှုအတွက် ဖွင့်လှစ်ထားသော အင်တာနက်ဝဘ်ဆိုဒ် ((http://www.eu-myanmarsia.com/)တွင် SIA Inception Reportအစီရင်ခံစာ (၂၀၁၅ခုနှစ် ဒီဇင်ဘာလ) တွင် ဥရောပ ကော်မရှင်သည် “မြို့ကြီးများမှ သက်ဆိုင်ပါဝင်သူများကို ကျော်လွန်ပြီး နယ်စပ်ဒေသများမှ တိုင်းရင်းသား လူနည်းစုများ/ ထိရှနစ်နာလွယ်သော အုပ်စုများ ပါဝင်သော ကျယ်ပြန့်သော ချဉ်းကပ်မှု နည်းလမ်းကို အကြံပြုထားပါသည်။ ဥရောပအတွင်း လုပ်ကိုင်နေသော ဥရောပသမဂ္ဂ (အီးယူ) ကုမ္ဗဏီများသာမက မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသော ဥရောပသမဂ္ဂ (အီးယူ) ကုမ္ဗဏီများပါ ဤတိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူမှု လုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါသည်။ မြန်မာ – ဥရောပသမဂ္ဂ (အီးယူ) ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် အပြုသဘောဆောင်သော (သို့မဟုတ်) အပျက်သဘောဆောင်သော သက်ရောက်ရန် အလားအလာများကိုပါ ဆန်းစစ်သုံးသပ်ကြည့်ရန် အရေးကြီးပါသည်” ဟု ဖော်ပြထားပါသည်။ (စာမျက်နှာ ၁၀) အထက်ပါ အချက်ကို ယခုမေးခွန်းလွှာနှင့် ယခုလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ဘက်စုံ သက်ဆိုင်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုသည် မလုံလောက် မပြည့်မီကြောင်း မြန်မာနိုင်ငံမှ အရပ်ဖက် လူမှုအဖွဲ့အစည်း (၅၇၁)ကျော်၏ ကိုယ်စားလှယ်များမှ တွေ့ရှိရပါသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း (၅၁၈)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း (၅၃) ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ဒို့မြေကွန်ရက် (LIOH) နှင့် ကဏ္ဍ အသီးသီးမှ အရပ်ဘက်အဖွဲအစည်းများမှ လေးလေးနက်နက် ထုတ်ပြန်ကြေညာပါသည်။

ဆက်သွယ်မေးမြန်းရန်
ဒေါ်ဆိုင်ရော် – ဖုန်း ( ၀၉ ၅၀၁ ၈၈၁၁ )
ဦးကျော်သူ – ဖုန်း (၀၉-၂၀၄၃ ၇၀၉)
ဦးအောင်ကျော်မိုး – ဖုန်း (၀၉-၅၂၂၈၄၄၆)
ဦးသန့်ဇင် – ဖုန်း (၀၉-၄၂၂၁၉၀၆၉၁)
စိုင်းဆမ်ခမ်း – ဖုန်း ( ၀၉ ၉၇ ၅၇ ၂၃၃၉၃ )

Tags: , , , , , ,

This post is in: Press Release

Related Posts
Beneficial Ownership: Tackling Hidden Company Ownership Through Myanmar’s EITI Process
Examining Foreign Direct Investment in Mon State, Burma
HURFOM conducts FDI study to halt exploitation and violation in Mon State
Myanmar government announces ground-breaking reforms of toxic jade business
Land Confiscations and Collective Action in Myanmar’s Dawei Special Economic Zone Area: Implications for Rural Democratization