Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ် စစ်တမ်း

By Sein Kyaw Hlaing  •  February 6, 2011

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ် စစ်တမ်း

ဦးစိန်ကျော်လှိုင်

နိဒါန်း

မကြာခင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေဟာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အသေးစိတ်ကို ပြဋ္ဌာန်းထားရုံမက မကြာခင်ဖွဲ့စည်းမဲ့ အရပ်သားအစိုးရသစ်ကို ဘယ်လိုလုပ်ကိုင် ဖွဲ့စည်းရမလဲဆိုတာပါ ကြိုးကိုင်လမ်းညွှန်ထားတဲ့ ဥပဒေလဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ လွှတ်တော်မစခင်ကမှ ရန်ကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ ဘယ်လိုဖွဲ့မလဲ

မကြာခင်က ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စု ရှေ့နေချုပ် တို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေကို သမ္မတက ခန့်တဲ့နေရာမှာ အာဏာရှိနေသေးတဲ့ နအဖခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ပါစေချင်သူတွေကိုဘဲ ဝန်ကြီးခန့်မလား သမ္မတဦးသိန်းစိန် စိတ်ကြိုက် ဝန်ကြီးအဖွဲ့ကိုဘဲ ရွေးချယ်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၉ အရ သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကိုလဲ ဖွဲ့စည်းရမှာဖြစ်ပါတယ် ဒါပေမဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးထဲမှာ ဝန်ကြီး ၃ ဦးပါနေတဲ့အတွက် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ဒါမှမဟုတ် အစိုးရအဖွဲ့ ဖွဲ့ပြီးမှသာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖွဲ့ရမယ်ဆိုတာ ထင်ရှားနေပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အများဆုံး ချယ်လှယ်ကြိုးကိုင် သွားမဲ့ အဖွဲ့အစည်းဖြစ်သလို သမ္မတထက်ပိုပြီး လက်စောင်းထက်မဲ့ အဖွဲ့ဖြစ်နေတာမို့ ဒီအဖွဲ့မှာ ဘယ်သူတွေ ကြိုးကိုင်ထားသလဲ ပြန်ကြည့်ဘို့လိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးကိုကြည့်ရင် သမ္မတ ဦးသိန်းစိန်က စစ်တပ်က လာသူ ဖြစ်ပါတယ်။ ဒုသမ္မတ သီဟသူရတင်အောင်မြင်ဦး ကလဲ စစ်တပ်ကဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ဟာလဲ စစ်တပ်က ဖြစ်ပါတယ်။ ကာကွယ် ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးကလဲ စစ်သားဖြစ်ပါတယ်။ နောက် ကာကွယ်ရေးဝန်ကြီး ပြည်ထဲ ရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးကလဲ စစ်ဘက်က ဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထား ပါတယ်။

ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦးမှာ ၉ ဦးက စစ်တပ်က ဖြစ်နေပါတယ်။ ဒါတောင် နိုင်ငံခြားရေးဝန်ကြီးကို အရပ်သားလို့ ယူဆထားတာပါ။ နိုင်ငံခြားရေးဝန်ကြီးကိုပါ စစ်သားခန့်ရင် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦးမှာ ၁၀ ဦးက စစ်သားဖြစ်သွားနိုင်ပါတယ်။

ဆိုလိုတဲ့သဘောက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် ၁၁ ဥင်္ီးမှာ ၈၀%ကျော်က စစ်တပ်က ဖြစ်နေတဲ့အတွက် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ် ၈၀%ကျော်ပါတဲ့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကြိုးကိုင်ထားတဲ့သဘော ဖြစ်နေပါတယ်။

သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလား

ပိုပြီးထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၇ အရ နိုင်ငံတော် သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ သမ္မတသဘောနဲ့ ပေးပိုင်ခွင့်ရှိပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်ရမှ ပေးပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဆိုလိုတာက ကိုမင်းကိုနိုင်တို့လို ခွန်ထွန်းဦးတို့လို ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်း သာခွင့် ပေးမယ်ဆိုရင် သမ္မတဖြစ်တဲ့ ဦးသိန်းစိန် တဦးတည်း သဘောနဲ့ ပေးပိုင်ခွင့်မရှိဘဲ စစ်တပ် ၈၀%ကျော် ပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထောက်ခံမှ ပေးနိုင်တာမို့ လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်တပ်က ကြိုးကိုင်ထားတဲ့သဘော ဖြစ်နေပါတယ်။

နောက် ထင်ရှားတဲ့ ဥပမာကတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ကို ခန့်တဲ့အခါမှာလဲ သူ့သဘောနဲ့ ခန့်ခွင့်မရှိဘဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံ ချက်နဲ့သာ ခန့်အပ်တာဝန်ပေးရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ (က)မှာ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ အရ ဒုတိယဝန်ကြီးတွေ ခန့်တဲ့အခါမလဲ စစ်သားကို သမ္မတ ဦးသိန်းစိန်က တာဝန်ပေးချင်တယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၇ က(၁) မှာ ပြဋ္ဌာန်းထားပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် ၁၁ ဦးကို ပြန်ကြည့်ရင် စစ်သားတွေဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဒုကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး ၄ ဦးဟာ အခရာကျသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ သမ္မတအနေနဲ့ တိုင်းပြည်မှာ အရေးပေါ် အခြေအနေကြေငြာဖို့အတွက် အမျိုးသားကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ စုံစုံလင်လင် မတက်နိုင်ဘူးဆိုရင် စောစောက ၄ ဦးနဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာနိုင်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၇ မှာ ပြဋ္ဌာန်း ထားပါတယ်။

ဒါကြောင့် ပြည်ထောင်စု အစိုးရဝန်ကြီးအဖွဲ့ထဲမှာတောင် ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဟာ တခြားဝန်ကြီးတွေထက်ပိုပြီး အာဏာရှိသူတွေလို့ ပြောနိုင်ပါတယ်။

သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန် ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) က ယူဆပါ တယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာ ဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမ္မတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ်မှာ ပြဋ္ဌာန်းထားတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ များပြားလှပေမဲ့ ဒုသမ္မတ ၂ ဦးရဲ့ လုပ်ပိုင်ခွင့်ကတော့ အဆမတန် နည်းပါးနေတာ တွေ့ရပါတယ် ဒုသမ္မတ တဦးက ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွေကို ဦးဆောင် စိစစ်ပြီး ကျန် ဒုသမ္မတ တဦးက ပြည်နယ် တိုင်းဒေသကြီး အရအသုံးငွေစာရင်းများကို ဦးဆောင်စိစစ်ပြီး ရသုံး ငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရမယ်လို့သာ ဆိုထားပါတယ်။

ဘယ်သူက ယာယီသမ္မတလုပ်ခွင့်ရှိသလဲ

ထူးခြားတဲ့အချက်က သမ္မတကြီး ဦးသိန်းစိန် ပြည်ပခရီး သွားနေချိန်မှာ ယာယီ သမ္မတ တာဝန်ထမ်းဆောင်မဲ့ ဒုသမ္မတဟာ သမ္မတ ရွေးချယ်တင်မြှောက်တုံးက ဒုတိယ မဲအများဆုံးရသူဖြစ်ရမယ်လို့ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၄၅ မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် ၁၇၁ မဲရတဲ့ သီဟသူရ တင်အောင်မြင်ဦးကသာ ယာယီသမ္မတ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ကျန်ဒုသမ္မတဖြစ်တဲ့ စိုင်းမောက်ခမ်းက ယာယီသမ္မတ လုပ်ခွင့်မရှိ ဆိုတဲ့သဘော ဖြစ်ပါတယ်။

သမ္မတက ဘယ်သူတွေကို ဖြုတ်နိုင်သလဲ

သမ္မတဟာ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ခန့်နိုင်သလို ပြည်နယ်တိုင်းဒေသကြီး တရားသူကြီးချုပ် တွေ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးတွေ ပြည်နယ်တိုင်းဒေသကြီး တရားသူကြီးတွေ ပြည်နယ်တိုင်းဒေသကြီး ဥပဒေချုပ်တွေ ပြည်နယ်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတွေကိုပါ ခန့်နိုင်ပါတယ်။

တချိန်ထဲမှာဘဲ ဖော်ပြပါ ပုဂ္ဂိုလ်တွေကို ပေးအပ်တဲ့တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ရင် ရာထူးက နှုတ်ထွက်ရန် သမ္မတက ညွှန်ကြားနိုင်တယ်။ ညွှန်ကြားတဲ့အတိုင်း မလိုက်နာရင် တာဝန်က ရပ်စဲနိုင်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၇၉ (က) မှာ ပြဋ္ဌာန်းထားပါတယ်။

ခုလို ပြဋ္ဌာန်းထားတဲ့အတွက် လွှတ်တော် ပထမ ၅ နှစ်သက်တမ်းမှာ ကြံ့ဖွံ့မကြိုက်တဲ့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးတွေ ပြည်နယ်တိုင်းဒေသကြီး ဥပဒေချုပ်တွေ ပြည်နယ်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်တွေကို သမ္မတ ဦးသိန်းစိန်က တာဝန်မကျေပွန်ဆိုတဲ့အကြောင်းနဲ့ ဖြုတ်ပိုင်ခွင့်ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

သမ္မတကို တရားရုံးမှာ ဖြေရှင်းခွင့်ပေးမလား

အခြေခံဥပဒေမှာ သမ္မတကို စွပ်စွဲပြစ်တင်ခွင့်ပေးထားပေမဲ့ သမ္မတဟာ ဖွဲ့စည်းပုံအရဖြစ်စေ ဥပဒေ တရပ်ရပ် အရ ဖြစ်စေ ၎င်းအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေ ကျင့်သုံးဆောင်ရွက်မှု ဒါမှမဟုတ် ကျင့်သုံးဆောင်ရွက် တဲ့အနေနဲ့ ပြုခဲ့တဲ့ ပြုလုပ်မှုတွေအတွက် ဘယ်လွှတ်တော် ဘယ်တရားရုံးမှာမှ ဖြေရှင်းဖို့ တာဝန်မရှိဆိုပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၃နဲ့ အကာအကွယ်ပေးထားပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကို အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မဲ့ ဥပဒေချင်းရာတွေဟာ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၄၃ပါ ပြဋ္ဌာန်းချက်တွေနဲ့ လက်တွေ့မှာ ဘယ်လိုကွာဟချက်တွေ ရှိမလဲဆိုတာ မရှင်းလင်းတဲ့ အတွက် လက်တွေ့ စွပ်စွဲပြစ်တင်တဲ့အခါမှသာ ပြဿနာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံသား အခွင့်အရေး

ခုဆိုရင် စစ်အစိုးရရဲ့ ဖွဲစည်းပုံအခြေခံ ဥပဒေ တပြည်လုံးမှာ အာဏာတည်သွားပြီ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနဲ့အပေါင်းအပါတွေ ကျုးလွန်ခဲ့သမျှကို ပြည်သူတွေ တရားစွဲခွင့်မရှိတော့တာ မှန်ပါတယ်။

ဒါပေမဲ့ မဲဆန္ဒရှင်တွေ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ၃ ရပ်က ဘယ် အမတ်ကိုမဆို မကြိုက်လို့ တာဝန်မကျေလို့ဆိုပြီး အမတ်အဖြစ်က ပြန်ရုတ်သိမ်းချင်သပဆိုရင် မိမိတို့ သက် ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်တွေ စုပေါင်းကန့်ကွက်ပြီး ပြန်ရုတ်သိမ်းနိုင်ခွင့်ရှိပြီဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈- ပုဒ်မ ၃၆၉ (ခ) မှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပါတယ်။

ကနေ့ဆိုရင် အဲဒီလို ပုဒ်မမျိုးကို အသက်သွင်းထားတဲ့ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်နေပြီဆိုတာ ပြည်သူ တွေကို လက်ဆင့်ကမ်း အသိပေးဖို့ လိုပါတယ်။

ဦးစိန်ကျော်လှိုင်

၂၀၁၁ ခုဖေဖော်ဝါရီ ၆ ရက်

အထက်ပါ ဥကဒေသစ် စစ်တမ်း PDF ဖိုင်ကို  ဤနေရာတွင် နှိပ်၍ ရယူနိုင်ပါသည်။

English translation of this analysis on parliament will be available soon.

Tags: , , ,

This post is in: Spotlight

Related Posts
The Role of Students in the 8888 People’s Uprising in Burma
The Efficacy of Economic Sanctions on Burma