Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ သြဇာသက်ရောက်မှုနှင့် ထိရောက်မှု လေ့လာရေး အထူးခရီးစဉ်မှ နိဂုံးချုပ် ကြေညာချက်

By Burma Partnership andForum-Asia  •  December 2, 2015

၁၈ နိုဝင်ဘာ ၂၀၁၅

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ သြဇာသက်ရောက်မှုနှင့် ထိရောက်မှု လေ့လာရေး အထူးခရီးစဉ်မှ နိဂုံးချုပ် ကြေညာချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ သြဇာရှိန်ဝါနှင့် အကျိုးသက်ရောက်မှုကို စုံစမ်း လေ့လာရန် (နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်း) NHRI များဆိုင်ရာ အာရှ NGO ကွန်ယက် (ANNI) ၏ အတွင်းရေးမှူးအဖွဲ့ဖြစ်သော အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (ဖိုရမ်-အေးရှား)နှင့် မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တို့က ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ပူးတွဲပြုလုပ်ခဲ့သော အချက် အလက်ရှာဖွေရေး အစီအစဉ်မှာ ယနေ့ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် ကိုးရီးယားသမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌဟောင်းလည်းဖြစ် ဆိုးလ်မြို့ အမျိုးသားတက္ကသိုလ် ဥပဒေကျောင်း အငြိမ်းစားပါမောက္ခလည်းဖြစ်သူ ပါမောက္ခ ကျွန်းဝှန်ဟန်း၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ မစ္စတာ နူးရ်ခိုလစ္စ၊ ဖိုရမ်-အေးရှားအဖွဲ့၏ နိုင်ငံဆိုင်ရာ လုပ်ငန်းမန်နေဂျာ မစ္စဘက်တီ ယိုလန်ဒါနှင့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ စည်းရုံးလှုံ့ဆော်ရေးနှင့် သုတေသနအရာရှိ မစ္စတာ ဂျိုးဆက်စ် ကွမ် တို့ ပါဝင်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူ (HRD) များ၊ ရှေ့နေများအပါအဝင် အရပ်ဘက်လူထုကိုယ်စားလှယ်များနှင့်တကွ တစ်ဦးချင်း တိုင်တန်းမှု များအတွက် တရားမျှတမှုရရှိရန် သို့မဟုတ် နိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ မတရားပြုမူ မှုများ၏ ယေဘုယျပုံစံများကို ဖော်ထုတ်နိုင်ရန် MNHRC နှင့် ထိတွေ့ဆက်ဆံ လုပ်ဆောင်ခဲ့သည့် ကျူးလွန်ခံရသူ များနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းများတို့ကို တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် နှင့်လည်း တွေ့ဆုံခဲ့ပြီး ပွင့်လင်းစွာ အမြင်ဖလှယ်ခဲ့သည်။ MNHRC မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခြင်း အတွက် အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်လို ပါသည်။ ထိုသို့တွေ့ဆုံရာတွင် MNHRC အနေဖြင့် ဥပဒေအရလည်းကောင်း၊ လက်တွေ့အရလည်းကောင်း ပါရီအခြေခံ မူများအား လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်တကွ ၎င်းလှုပ်ရှားနေရသည့် ပတ်ဝန်းကျင် အနေအထား များကိုပါ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာနယ်ပယ်အချို့၌ အပေါင်းလက္ခဏာ ဆောင်သော ဖြစ်ထွန်းမှုများရှိခဲ့သော်လည်း တိုးတက်မှုမှာတန့်နေပြီး အခြားနယ်ပယ်အများအပြားတွင် ပိုမိုဆိုးဝါး သွားသည့် အခြေအနေများရှိနေပါသည်။ ယင်းပြဿနာရပ်များထဲတွင် ဥပဒေမဲ့မြေသိမ်းခြင်း၊ သယံဇာတ ထုတ်ယူရေး လုပ်ငန်းများနှင့် ဆက်နွယ်သော မတရားမှုများ၊ လွတ်လပ်စွာထုတ်ဖော်ခွင့် သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်တို့အား ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖြင့် ကန့်သတ်ခြင်း၊ တည်ငြိမ်ခိုင်မာမှုမရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုင်းရင်း သားဒေသများတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများ စသည်တို့ ပါဝင်သည်။

MNHRC ၏ ထိရောက်မှုနှင့် သြဇာရှိန်ဝါကို ဆန်းစစ်ရာတွင် အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့ သည် MNHRC အနေဖြင့် ပါရီအခြေခံမူများနှင့် ဥပဒေအရကိုက်ညီမှုကို စုံစမ်းလေ့လာရုံတင်မက လက်တွေ့အသုံးပြုမှု ပိုင်းကိုပါ စုံစမ်းပြီး နိုင်ငံတွင်းရှိ အရေးတကြီး အခြေအနေတွင်ရှိနေသည့် အထူးဆိုးဝါးစွာဖြစ်ပွား၊ ပျံ့နှံ့နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် အသစ်အသစ်သော ပုံစံများဖြင့် ပေါ်ထွန်းလာနေသည့် လူ့အခွင့်အရေးကိစ္စရပ် ပြဿနာများအပေါ် MNHRC ၏ တုန့်ပြန်ကိုင်တွယ် ဆောင်ရွက်မှုများအားလည်း စုံစမ်းခဲ့သည်။ MNHRC တွင် တိုင်ကြားမှု ကိုင်တွယ်ရေးတာဝန်နှင့် စုံစမ်းစစ်ဆေးရေး အာဏာများ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ယင်းယန္တရားများကို တက်ကြွထက်သန်စွာအသုံးပြုပြီး တိုင်းပြည်တွင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု ရှိစေရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကျိုးပြုနိုင်ရန် အထူးအရေးကြီးပေသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အားပေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံအဆင့် အဖွဲ့အစည်း အဆောက်အအုံများ ဆက်စပ်ညှိနှိုင်းရေးကော်မတီ (ICC) မှ MNHRC ဖွဲ့စည်းတည်ဆောက် ပုံ အဆောက်အအုံပိုင်းဆိုင်ရာသည် ပါရီအခြေခံမူများနှင့် ကိုက်ညီမှု ရှိမရှိအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ စစ်ဆေးအကဲဖြတ်ရန် ရှိသောကြောင့် ယခုအချက်အလက်ရှာဖွေရေးခရီးစဉ်သည် အချိန်ကိုက်လည်း ဖြစ်၊ ထူးခြားအရေးပါမှုလည်း ရှိနေသည်။ နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်း (NHRI) များသည် အများ ယုံကြည်စိတ်ချအားကိုးနိုင်သည့် အခြေအနေရောက်ရှိရေးနှင့် ထိထိရောက်ရောက် လှုပ်ရှားနိုင်ရေးအတွက် ယင်းပါရီ အခြေခံမူများကို အနိမ့်ဆုံးစံနှုန်းများအဖြစ် သတ်မှတ်ထားသည်။ အထူးလုပ်ငန်းစဉ်အဖွဲ့၏ ခရီးစဉ်မှ ရှေ့ပြေးလေ့လာ တွေ့ရှိချက်အချို့ကို အောက်ပါအတိုင်း တင်သွင်းဖော်ပြလိုပါသည်။

 

အခြေခံတွေ့ရှိချက်များ – အများယုံကြည်စိတ်ချနိုင်သည့်အခြေအနေ မပြည့်မီမှု ကျယ်ပြန့်လာခြင်း

အရပ်ဘက်လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ HRD များနှင့်တကွ ကျူးလွန်ခံရသူ/တိုင်ကြားသူများနှင့် အင်တာဗျူးများ၊ ဦးတည်အစုအဖွဲ့ ဆွေးနွေးပွဲများအား နှစ်ရက်တာကာလအတွင်း ပြုလုပ်ခဲ့ရာတွင် တစ်သမတ်တည်း ပေါ်ထွက်လာသည့် တူညီသည့် အကြောင်းအရာမှာ MNHRC သည် “ဟန်ပြ” အဆောက်အအုံ (သို့မဟုတ်) “စာတိုက်ပုံး” တစ်ခု အဆင့်သာရှိသည် ဟူသော အမြင်ဖြစ်သည်။[1] ဤသည်မှာ လေးနှစ်သက်တမ်းရှိနေပြီဖြစ်သည့် အဖွဲ့အစည်းတစ်ခုအပေါ် အများပြည်သူယုံကြည်ကိုးစားမှု ကင်းမဲ့နေသည့်လက္ခဏာ ပြသနေသောကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်နေပါသည်။

တွေ့ဆုံမေးမြန်းမှုများအတွင်း ကြီးထွားလာနေသော ခံစားချက်တစ်ခုမှာ ထူးခြားသည့်အမှုများ (သို့မဟုတ်) ထင်ရှားသည့်အမှုများအပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများ (သို့မဟုတ်) အရေးကြီးသည့်အမှုများ အပေါ် နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် ပြစ်မှုကျူးလွန်သူများ၏ တာဝန်ယူမှု တာဝန်ခံမှုကို လမ်းလွှဲရန်အတွက်သာ စုံစမ်းစစ်ဆေးနေခြင်း (သို့မဟုတ်) အကောင်းမြင်ရုံအတွက် သက်သက်သာ ဆောင်ရွက်နေခြင်း ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

MNHRC ၏ သြဇာသက်ရောက်မှုနှင့် ထိရောက်မှုအပေါ် အမြင်များလည်း သိသာစွာကွာဟနေပုံရသည်။ ဥပမာအားဖြင့် MNHRC က ၎င်းတို့သည် ယုံကြည်အားကိုးခံရမှု ကြီးကြီးမားမားရရှိနေသည်ဟု ထုတ်ဖော်ပြောခဲ့ပြီး သက်သေအထောက်အထားအဖြစ် လက်ပံတန်းဖြိုခွဲမှု စုံစမ်းရေးတွင် (ပြန်လွတ်လာသည့်ကျောင်းသားများအပါအဝင်) လူအများ၏ထွက်ဆိုချက်များ၊ သက်သေထွက်ချက်များ အတော်များများရခဲ့မှုကို ထောက်ပြသည်။ သို့သော်လည်း ကျောင်းသားများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ကျူးလွန်ခံရသူများထံမှ တွေ့ဆုံမေးမြန်းမှု အဖြေများအရမူ ဖမ်းဆီးခံကျောင်းသားများ (နှင့် အခြားနိုင်ငံရေးအကျဉ်းသားများ) လွတ်မြောက်ရေးအတွက် MNHRC က တောင်းဆိုသည့် ကြေညာချက်မှာ အထွေထွေရွေးကောက်ပွဲ[2]မတိုင်မီနှင့် ICC-SCA အရည်အချင်းစစ် လေ့လာ သုံးသပ်ချက် မတိုင်မီ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ဂုဏ်ပြုချီးကျူးမှုရရှိရေး မဟာဗျူဟာတစ်ရပ်သာ ဖြစ်ပုံရသည်။

ပါရီအခြေခံမူများအား လက်တွေ့ပိုင်း လေးစားလိုက်နာဆောင်ရွက်မှု

MNHRC သည် သမ္မတရုံးမှ ညွှန်ကြားချက်အရ ကိုပါကြီးသေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့သည်။ ယင်းမှာ အမှု အပေါ် ထူးထူးခြားခြားအာရုံစိုက်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်းနှင့် မြန်မာစစ်တပ်မှ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သည်များ ပါဝင်ပတ်သက်မှု ပေါက်ကြားခဲ့ပြီးနောက်ပိုင်းတွင်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ MNHRC က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့သော်လည်း ကိုပါကြီး၏ ဇနီး မသန္တာ MNHRC သို့ အမှုတိုင်စဉ်က ရင်ဆိုင်ခဲ့ရသည့် စိတ်ဒုက္ခများနှင့် နှောင့်ယှက်မှုများ ကြီးမားစွာရှိခဲ့သည်ကို ကိုယ်စားလှယ်အဖွဲ့မှ သိရှိခဲ့ရသည်။

ယင်း အနှောင့်အယှက်ဒုက္ခများထဲတွင် MNHRC သို့ သူမ၏ရှေ့နေနှင့်အတူသွားရောက်ခွင့် ငြင်းပယ်ခံရခြင်း၊ MNHRC သို့ သွားသည့်အခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အထူးသတင်းတပ်ဖွဲ့ဝင်များက စောင့်ကြည့်ထောက်လှမ်းခံရခြင်းတို့ ပါဝင်သည်။ MNHRC နှင့် သူမ ဆက်ဆံရေး ဆက်သွယ်ရေးမှာလည်း ဖုန်းဆက်သွယ်မှုတစ်ကြိမ်နှင့် စာဖြင့် ဆက်သွယ်မှု နှစ်ကြိမ် (ကနဦး ဖိတ်ခေါ်စာ တစ်စောင်နှင့် ကိုယ်ရေးအချက်အလက် အသေးစိတ် မေးမြန်းသည့် နောက်ဆက်တွဲ စာတစ်စောင်) သာရရှိခဲ့သည်။

MNHRC ၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ကိုပါကြီး အဖမ်းခံရမှုနှင့် ပတ်သက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ ကြောင်း၊ ဖြစ်စဉ်အတွင်း သေနတ်များသုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် မသန္တာနှင့် စကားပြောခဲ့သည့် မှုခင်း ဆေးပညာ ကျွမ်းကျင်သူများအဆိုအရ ကိုပါကြီးမှာ သေနတ်ဖြင့် ငါးချက်အပစ်ခံရပြီး တစ်ချက်မှာ မေးစေ့မှ ဝင်သွား သည့် အနီးကပ် ပစ်ခတ်မှုဖြစ်သဖြင့် ၎င်းမှာ အသတ်မခံရမီ လေးချက် အပစ်ခံရသည့်သဘောဖြစ်သည်။ ထို့အပြင် MNHRC ၏အစီရင်ခံစာ အစိတ်အပိုင်းအများစုမှာ DKBA နှင့် မြန်မာစစ်တပ်အကြားတိုက်ပွဲကို အဓိကအခြေခံ ထားသလို ကိုပါကြီးမှာ အရပ်သား သို့မဟုတ် တိုက်ခိုက်ရေးသမား ဟုတ်မဟုတ်ကိုသာ အလေးပေးထားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည်မှာ ထင်ရှားသော်လည်း အသတ်ခံရသူအပေါ် ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်နှင့် ဥပဒေမဲ့သတ်ဖြတ်မှု၊ ပုံမှန်တရားဥပဒေလမ်းကြောင်းနှင့် တရားမျှတသော တရားရုံးတင် စစ်ဆေးမှု စံနှုန်းများ စသည့်အချက်များအား အစီရင်ခံစာတွင် သိသိသာသာ ချန်လှပ်ထားသည်။

MNHRC က လက်ပံတန်းကျောင်းသားများ ဖြိုခွင်းမှုကိုလည်း မကြာသေးမီက စုံစမ်းစစ်ဆေးခဲ့ပြီး (ထိန်းသိမ်း ခံကျောင်းသားများအပါအဝင်) နိုင်ငံရေးအကျဉ်းသားအားလုံး အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့် ကျင့်သုံးနိုင်ရေး အတွက် ၎င်းတို့အား လွှတ်ပေးရေးကို ရွေးကောက်ပွဲအား ကြိုဆိုသည့်လုပ်ရပ်အဖြစ် အစိုးရမှ လွှတ်ပေးရန် ဆော်သြ ခဲ့သည်။ စုံစမ်းစစ်ဆေးမှုအရ လုံခြုံရေးအရာရှိများသည် အင်အားအလွန်အကျွံ သုံးခဲ့ကြောင်းနှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်ကိုင်တွယ်ရေးအတွက် တည်ဆဲအမိန့်များနှင့် လမ်းညွှန်ချက်များကို မလိုက်နာခဲ့ကြောင်း MNHRC စုံစမ်းမှုမှ တွေ့ရှိခဲ့သည်။

သို့ရာတွင် ၎င်းတို့၏ အစီရင်ခံစာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အခြားလက္ခဏာ သွင်ပြင်များ၊ ကျူးလွန်ခံရသူများအား ဖြေသိမ့်မှုပေးနိုင်ရေး လုပ်ဆောင်ရန်လိုအပ်သည့် အချက်များ၊ ထပ်မံမဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မည့် (လိုအပ်ပါက ဥပဒေပြင်ဆင်ချက်များ အပါအဝင်) နည်းလမ်းများစသော လူ့အခွင့်အရေး အမြင်များ ကင်းမဲ့နေခြင်းကလည်း ယင်းအစီရင်ခံစာ၏ အရှိန်သြဇာနှင့် သက်ရောက်မှုတို့ကို ထိခိုက်ပျက်ပြားစေသည်။

သို့သော်လည်း MNHRC ကြေညာချက် ထွက်ပြီးနောက် ရက်အနည်းအကြာတွင်ပင် (လက်ပံတန်းအရေး အခင်းမှ) အခြားကျောင်းသားလှုပ်ရှားတက်ကြွသူများအား ဖမ်းဆီးခြင်းများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေ တွင် MNHRC မှ နောက်ထပ်ပတ်သက်မှု သို့မဟုတ် တုံ့ပြန်လုပ်ဆောင်မှု ရှိမနေတော့ပေ။ ယင်းကိစ္စကို မေးမြန်းသည့် အခါ ကျောင်းသားများ အစာငတ်ခံ တိုက်ပွဲဝင်နေပြီး ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားဆက်ဆံမှု စွပ်စွဲချက်များ (မြင်းခြံထောင်) ရှိနေသော်လည်း MNHRC က ၎င်းတို့အနေဖြင့် “ကနဦးတည်ထောင်စ အခြေအနေ” မှာပင် ရှိနေ သေး၍ အုပ်ချုပ်မှုကိစ္စများဖြစ်သည့် ဝန်ထမ်းခန့်အပ်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်း စသည့် လုပ်ထုံးလုပ်နည်းများနှင့် လောလောဆယ် အလုပ်ရှုပ်နေသောကြောင့် ယင်းကိစ္စအား နောက်ထပ်ဆက်လက် ဆောင်ရွက်တော့မည်မဟုတ် ဟုသာ စိတ်ပျက်ဖွယ် အဖြေပေးခဲ့သည်။

တွေ့ဆုံမေးမြန်းမှုများမှ သိရှိရသည့် ကိုယ်တွေ့ပြောကြားချက်များတွင်လည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် နေသည့် MNHRC တာဝန်ရှိသူများက ထိန်းသိမ်းခံကျောင်းသားများကို “မင်းတို့က အရင်နိုင်ငံရေးအကျဉ်းသားတွေ ထက်တောင် ဇိမ်ကျသေးတယ်” ဟူသည့် ရိသဲ့သဲ့မှတ်ချက်စကားမျိုး ပြောခဲ့ကြောင်း ကြားသိရသည်။ ဤသည်မှာ လူ့အခွင့်အရေးအပေါ် ချဉ်းကပ်မှု၊ ကျူးလွန်ခံရသူအပေါ် စာနာသောချဉ်းကပ်မှုများ MNHRC ၌ ချို့တဲ့နေခြင်းကို ပြသနေသည်။

ဖိနှိပ်သည့် ဥပဒေများနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေး

နာမည်ဆိုးနှင့် ကျော်ကြားသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ ဥပဒေ) ပုဒ်မ ၁၈ အား အသုံးပြုကာ ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖမ်းဆီး၊ တရားစွဲ၊ အကျဉ်းချ နေခြင်းပင်ဖြစ်သည်။ ဆန္ဒပြပွဲစီစဉ်သူများမှာ များပြားလှစွာသော အချက်အလက်များ ပေးရခြင်းကဲ့သို့ ရှုပ်ထွေး လှသော စည်းကမ်းချက်များ လုပ်ထုံးလုပ်နည်းများကို လိုက်နာရပြီး အလွန်ကျယ်ပြန့်လှပြီး ဝေဝါးသည့် ကန့်သတ်ချက် အများအပြားကြောင့် ပြစ်မှုသင့်မည့်အန္တရာယ်ကို ထပ်မံရင်ဆိုင်ကြရသည်။[3] ခြုံကြည့်လိုက်လျှင် “ခွင့်ပြုချက်ပေးမှု” အား မလျော်မကန် တင်းကျပ် ကန့်သတ်ထားသောကြောင့် ယင်းဥပဒေသည် အခြေခံအခွင့်အရေးများကျင့်သုံးမှုကို ကန့်သတ်နေသည့် ဥပဒေအဖြစ်သို့ ရောက်ရှိသွားစေပါသည်။

ယင်းကိစ္စအား MNHRC ကို မေးမြန်းသည့်အခါ ၎င်းတို့က “အကြောင်းကြားရုံကြားပြီး ဆန္ဒပြနိုင်သည့်” အခြေအနေမှာ “လွန်လွန်းသည်” ဟု အံ့သြဖွယ် ဖြေကြားခဲ့သည်။ ထို့အပြင် MNHRC က ၎င်းတို့သိသလောက်ဆိုလျှင် အခြားနိုင်ငံအားလုံးတွင် စုဝေးဆန္ဒပြနိုင်ရန်အတွက် “ခွင့်ပြုချက်” လိုသည်ဟု ထပ်မံပြောဆိုသေးသည်။ ယင်းကဲ့သို့ သော ရပ်တည်ချက်မျိုးသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတကာစံချိန်စံညွှန်းများ၊ စံနှုန်းများအပေါ် MNHRC မှ နားလည်မှုချို့တဲ့နေခြင်းကို ပြသနေသည်။ ဥပမာအားဖြင့် “အကြောင်းကြားရုံကြားပြီး ဆန္ဒပြရန်” ဟူသော အယူအဆမှာ အကြောင်းကြားရေးစည်းကမ်းချက်များနှင့် အကြောင်းကြားမှုလုပ်ငန်းကို စီစဉ်သူများဘက်မှ တာဝန်ယူ မှုနှင့် လိုအပ်သလို “မလျော်ကန်သော နှောင့်ယှက်စွက်ဖက်မှုမှ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးမှုများ လုပ်ဆောင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေးကျင့်သုံးရာတွင် အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်ဘက်မှ လည်း အပြုသဘော တာဝန်ယူရန် လိုအပ်သည်။”[4] ကို အပေါ်ယံရှပ်၍ အလွယ်တကူပြောဆိုခြင်းသာ ဖြစ်သည်။

MNHRC နှင့် အရပ်ဘက်လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များအကြား အကျဉ်းထောင်ဥပဒေ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဥပဒေများ စသည်တို့အပါအ၀င် ဥပဒေပြုပြင်ပြောင်းလဲရေး ရှေ့ဆောင်ရှေ့ရွက်မှုများ ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုအချို့လုပ်ခဲ့သည်ကို အချက်အလက်ရှာဖွေရေးအဖွဲ့မှ ချီးကျူးသည်။ တွေ့ဆုံမေးမြန်းမှု ဖြေဆိုသူများက ဖြစ်စဉ်များအပေါ်၌လည်းကောင်း၊ ဆွေးနွေးပွဲပြီးနောက် သတင်းအချက်အလက်နှင့် နောက်ဆုံး အခြေအနေအသိပေးမှု ကင်းမဲ့မှုအပေါ်၌လည်းကောင်း အားမလိုအားမရ ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြသော်လည်း MNHRC အနေနှင့် ပြည်ထောင်စုလွှတ်တော်သို့ ကျွမ်းကျင်သူ အမြင်သဘောထား အကြံပြုချက်များ ရေးသား တင်သွင်းခဲ့သည်ကို မိမိတို့ကိုယ်စားလှယ်အဖွဲ့က သိရှိနားလည်ခွင့်ရခဲ့သည်။[5] ဤအချက်က MNHRC သည် ယခင် ထိတွေ့ဆက်ဆံမှုမရှိသည့် သို့မဟုတ် လူရွေးဆက်ဆံရေး ကျင့်စဉ်များမှ လမ်းခွဲထွက်လာမှုကိုပြသလို နိုင်ငံတွင်းမှ အရေးကြီးသည့် လူ့အခွင့်အရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရတွင်း အဓိကကျသော သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံရန် လိုလားမှုကိုလည်း ပြသနေသည်။ MNHRC သည် အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ကို (အထူးသဖြင့် ဥပဒေအကောင်အထည်ဖော် ထိန်းသိမ်းရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပိုင်း၌) တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော် ကျင့်သုံး မည်ဟုလည်း ဖွင့်ဟပြောဆိုခဲ့သည်။

သို့သော် ဤထိတွေ့ဆက်ဆံရေးဆိုင်ရာ ကိစ္စများမှာ ပြဿနာများ ကင်းရှင်းနေသည်တော့ မဟုတ်ပေ။ ယင်းကဲ့သို့သော တိုင်ပင်ဆွေးနွေးမှုများမှာ MNHRC မှ ရှေ့ဆောင်ရှေ့ရွက်ပြုခြင်း မဟုတ်ဘဲ အများအားဖြင့် အရပ်ဘက်လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ကွန်ယက်များက MNHRC ကို ပန်ကြားခြင်း သို့မဟုတ် ရှေ့ဆောင်ရှေ့ရွက်ပြုခြင်းသာဖြစ်ပြီး အကြိမ်များစွာကြိုးပမ်းပြီးမှသာ အောင်မြင်လေ့ရှိသည်ဟု တွေ့ဆုံဆွေးနွေးခဲ့သူ များက ပြောဆိုကြသည်။ ယင်းတိုင်ပင်ဆွေးနွေးမှုဖြစ်စဉ်များတွင် ပြဿနာရပ်များကို အားကြိုးမာန်တက်ဆွေးနွေးဖို့ အချိန်မလုံလောက်ခြင်းမှသည် ဆွေးနွေးပွဲအတွင်း အချို့သောကိစ္စရပ်များ မဆွေးနွေးဖို့ ညင်သာစွာ “အကြံဉာဏ်” ပေးခြင်းမျိုးအထိ အခက်အခဲအဆင့်မျိုးစုံရှိကြောင်း ပြောဆိုကြသည်။

ကျယ်ပြန့်ပြီး စနစ်တကျ ဖြစ်နေသည့် ပြဿနာရပ်များ

ဥပဒေမဲ့ (သယံဇာတထုတ်ယူရေးလုပ်ငန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများ၊ ချိုးဖောက်မှုများအပါအဝင်) မြေလုမှုနှင့် မြေသိမ်းမှုသည် ကော်မရှင်လက်ခံရရှိသော တိုင်ကြားမှုများအနက် အရေအတွက်အများဆုံးနှင့် အဖြစ် အများဆုံး အမျိုးအစားဖြစ်ကြောင်း MNHRC က ပြောခဲ့သည်။ ဤအချက်က မြေသိမ်းမှုသည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျ ဖြစ်ပွားနေသည့် ကြီမားစိုးရိမ်ဖွယ် ပြဿနာရပ်ဖြစ်နေကြောင်း ထောက်ပြနေပါသည်။

အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့သည် မြေယာနှင့်ပတ်သက်၍ MNHRC မှ ကိုင်တွယ် ဆောင်ရွက်ထားသည့် (ဥပမာ- လက်ပံတောင်းကြေးနီမိုင်း) အမှုများနှင့် ပတ်သက်သူများကို မမေးမြန်းတော့ဘဲ လောလောဆယ်တွင် မြေယာအငြင်းပွားမှု ပြဿနာများကို ရင်ဆိုင်နေရသူများ ဖြစ်သည့် ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်ရှိ တောင်သူလယ်သမား အသိုင်းအဝိုင်းများမှ ရွာသားများနှင့် မြေယာအခွင့်အရေးလှုပ်ရှားတက်ကြွသူအချို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။[6]

ဤသို့လုပ်ရသည့် အကြောင်းရင်းမှာ နှစ်ပိုင်းရှိသည်။ ပထမအချက်မှာ “ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တွင် ရှိသည့် မြေကွက်အားလုံး ပိုင်ရှင်ထံပြန်ပေးပြီးပြီ”[7] ဟု အစိုးရပိုင်း ထိပ်တန်းတာဝန်ရှိသူများက ပြောနေသည်ကို တုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ MNHRC သည် မြေယာနှင့် သယံဇာတအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ကိုင်တွယ်ရန် ၎င်း၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ထက်သန်စွာကျင့်သုံးခြင်း သို့မဟုတ် ပြည့်စုံခြုံငုံစွာဖြင့် အချိန်နှင့် တပြေးညီဆောင်ရွက်ခြင်း ရှိမရှိအား ဆန်းစစ်အကဲဖြတ်ရန်လည်းကောင်း ဖြစ်သည်။ ထိုတွေ့ဆုံမေးမြန်းမှုများမှ သိရှိရ သည်မှာ MNHRC မှ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု အထူးအလေးပေး ပြောကြားနေသော်လည်း တွေ့ဆုံမေးမြန်းခဲ့သည့် တောင်သူလယ်သမားများမှာ MNHRC ၏ တည်ရှိမှုကိုပင် မသိရှိကြပေ။

ရွာသားများနှင့် တွေ့ဆုံမေးမြန်းချက်များအရ ထပ်မံပေါ်ထွက်လာသည့် အထောက်အထား အချက်အလက် များမှာ ကော်မရှင်၏အဆိုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မြေယာသိမ်းဆည်းမှုများမှာ အမြဲလိုလို စစ်ဘက်အမှုထမ်း များနှင့်လည်းကောင်း၊ အစိုးရနှင့် သို့မဟုတ် စစ်တပ်နှင့် အဆက်အသွယ်များရှိသည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် လည်းကောင်း ပတ်သက်နေပြီး အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေသည်။ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ကိုလည်း ဆက်လက်အသုံးချနေပြီး ပုဒ်မ ၅၀၅(ခ)၊ ၄၂၇၊ ၄၄၇ နှင့် ၁၁၄ တို့အပါအ၀င် ရာဇသတ်ကြီး ဥပဒေမှ အခြားပုဒ်မများ နှင့်တပြိုင်တည်း တွဲသုံးနေသည်။ မြေယာလုယက်မှုများသည် ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပွားနေပြီး အလျော်ပေးရေး နှင့် တာဝန်ခံရေးတို့မှာမူ မရေရာဆဲဖြစ်နေသည်။

 

နိဂုံး

MNHRC သည် ၂၀၁၁ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ တိုးတက်မှု တစ်စုံတစ်ရာရှိခဲ့ပါသည်။ အထူးသဖြင့် ၂၀၁၄ ခုနှစ် ပြန်လည်ဖွဲ့စည်းမှု လုပ်ပြီးနောက် နိုင်ငံတွင်းမှ ဆိုးဝါးသည့်လူ့အခွင့်အရေး ကိစ္စရပ်များကို စတင် ကိုင်တွယ်ရန် ပိုမိုကြိုးပမ်းအားထုတ်လာခဲ့သည်။

ကော်မရှင်တည်ထောင်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်တွင်း၌ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အဆောက်အအုံပိုင်း ချဉ်းကပ်မှုကို ဦးတည်နေသောကြောင့် အများပြည်သူမှ မျှော်လင့်စရာ အနေအထားဖြစ်စေ ပါသည်။ ကော်မရှင် ဖွဲ့စည်းမှုသည် လူ့အခွင့်အရေးကိစ္စရပ်များ ပြောဆိုနိုင်သည့် တရားဝင်ဝန်းကျင်တစ်ခုကိုလည်း ဖွင့်ပေးခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ကော်မရှင်သည် လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်နှင့် အားပေး မြှင့်တင်ရန် သီးသန့်တာဝန်ယူထားသည့် တစ်ခုတည်းသော နိုင်ငံအဆင့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် MNHRC ၏ ဖွဲ့စည်းပုံပိုင်း အဆောက်အအုံပိုင်းဆိုင်ရာ တရားဝင်မှုကို အထူးသဖြင့် ချိုးဖောက်မှုများ မတရားပြုမှုများ ကျူးလွန် ခံရသူများအတွက် MNHRC အနေနှင့် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်စွမ်း သို့မဟုတ် ၎င်း၏ထိရောက်မှုအား နောက်ဆုံးတွင် ၎င်း၏လုပ်ဆောင်ချက် စွမ်းဆောင်ရည်ဖြင့်သာ တိုင်းတာစစ်ဆေးရပါသည်။

အထက်တွင်ဖော်ပြခဲ့သလို တွေ့ဆုံမေးမြန်းမှု ဖြေဆိုသူများက MNHRC မှာ အစိုးရကို တရားဝင်အောင် လုပ်ပေးနိုင်ဖို့ “ဆင်ခြေသက်သေပြ” အဖွဲ့အစည်းအဆင့်သာဖြစ်နေမည့် အန္တရာယ်ရှိနေကြောင်း စိုးရိမ်ပူပန်မှုများမှာ ကော်မရှင်အတွက် အကြောင်းမလှသည့်ကိစ္စ ဖြစ်သည်။ လက်တွေ့အရသော်လည်းကောင်း၊ သဘောတရားအားဖြင့် သော်လည်းကောင်း MNHRC ၏ လွတ်လပ်အမှီခိုကင်းမှု ကင်းမဲ့နေခြင်းကလည်း ယင်းစိတ်ပူမှုကို ထောက်ခံနေသည့် အချက်တစ်ချက် ဖြစ်နေပါသည်။ ဤအဖြစ်က MNHRC ကို နိုင်ငံတွင်းမှ အရပ်ဘက်လူထုအဖွဲ့ အစည်းများနှင့် HRD များအကြား လုံးဝဂုဏ်သိက္ခာ ကင်းမဲ့သွားစေပြီး မယုံကြည်မှုနှင့် အဆက်အဆံမလုပ်ရေး အခြေအနေကို ဖြစ်ပေါ် စေသည်။

ထိုမျှသာမက MNHRC လုပ်ဆောင်ခဲ့သော စုံစမ်းစစ်ဆေးမှုများမှာ တခါတရံတွင် ရှေ့နောက်မညီမှုများ၊ ကွဲလွဲမှုများ ဖြစ်နေပုံရသည်။ အချို့နေရာများတွင် လူ့အခွင့်အရေးအမြင်ကို လုံးဝပင် လျစ်လျူရှုထားသည်။ ယင်း အချက်က MNHRC အပေါ် ယုံကြည်စိတ်ချနိုင်စွမ်းကို အားနည်းစေရုံသာမက မတရားမှုကိုလည်း ဆက်လက်ခွင့်ပြု ထားရာ ရောက်နေပါသည်။

MNHRC အနေဖြင့် ၎င်း၏ အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အကောင်အထည် ဖော်ရေးအတွက် ထက်သန်စွာ စောင့်ကြည့်လေ့လာခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လုပ်ရပါမည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကော်မရှင်ဥက္ကဌက “စိတ်ကျေနပ်စရာ အခြေအနေရောက်ဖို့ အများကြီးလိုသေးတယ်” ဟု ဝန်ခံခဲ့သည်။ နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ရပ် ထိရောက်မှုရှိမရှိ၊ သက်ရောက်မှုသြဇာရှိန်ဝါရှိမရှိ အကဲဖြတ်ခံရရေးအတွက် MNHRC အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာနှင့် အရည်အချင်းပြည့်မှီစွာ ကျင့်သုံးရန် လိုအပ်သည် သာမက အများသိအခွင့်အရေးချိုးဖောက်မှုများကို ရဲရဲဝံ့ဝံ့ ကိုင်တွယ်ကာ ရေရှည်စီမံချက် ရေရှည်မျှော်မှန်းချက်ဖြင့် နောက်ဆက်တွဲ ဆောင်ရွက်မှုများကို စနစ်တကျလုပ်ဆောင်ရမည် ဖြစ်သည်။

[1] ကောက်နှုတ်စကားအတိအကျ

[2] ဤအထဲတွင် ရွေးကောက်ပွဲဆိုင်ရာ အဓိကချို့ယွင်းချက်များ ပါဝင်သည်၊ ဥပမာအားဖြင့် မဲစာရင်း မှားယွင်းမှုများ၊ မဲဆန္ဒနယ် ဖျက်သိမ်းမှု၊ တိုင်းရင်းသားဒေသအချို့တွင် စစ်တပ်၏ တကျော့ပြန်ထိုးစစ်များ တို့ဖြစ်သည်။

[3] “အများပြည်သူကို အနှောင့်အယှက်အဟန့်အတား ဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်နစ်နာ စေခြင်းသော်လည်းကောင်း၊ ယင်းသို့ဖြစ်တန်ရာသည်ဟု စိုးရိမ်ထိတ်လန့်စေခြင်းသော်လည်းကောင်း ဖြစ်နိုင်သည့်အပြောအဆို သို့မဟုတ် အပြုအမူ”

[4] A/HRC/20/27

[5] အထူးလုပ်ငန်းစဉ်အဖွဲ့သည် တင်ပြမှုအသေးစိတ်များကိုပါ သိခွင့်ရခဲ့သည်။

[6] သို့သော်လည်း လက်ပံတောင်းအရေးအခင်းအပေါ် MNHRC ၏ စုံစမ်းလေ့လာမှုကို နောက်ပိုင်းတွင် လွှတ်တော်တွင်း အချေ အတင်ဆွေးနွေးရာ၌ ကိုးကားစာတမ်းအဖြစ် သုံးစွဲခဲ့သည်ကို မှတ်တမ်းတင်၊ ချီးကျူးရမည်ဖြစ်သည်။

[7] http://www.nationmultimedia.com/aec/Land-grabbing-top-the-list-of-rights-violations-30242458.html

Tags: , , , ,

This post is in: Business and Human Rights, Campaign Resources, Displacement, Drugs, Environmental and Economic Justice, Ethnic Nationalities, Human Rights, Human Trafficking, International Relations, Law, Military Regime, NHRC Monitor, Political Prisoners, Resistance, Resources, Women

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
Ann Din Coal Power Plant: Local Movement and Action to Preserve and Protect Natural Resources and Land: Mon IDP Report Case Study #4
Latest Human Rights Abuse Case Demonstrates Urgent Need to Reform the Myanmar National Human Rights Commission
Human Rights Far From Guaranteed as US Sanctions on Burma Are Removed