Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၏ လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နှီးနှောဖလှယ်ပွဲ

By Task Force on ASEAN and Burma  •  October 23, 2014

ထုတ်ပြန်ကြေညာချက်

၂၃ ရက်၊ အောက်တိုဘာလ၊ ၂၀၁၄

မြန်မာနိုင်ငံနှင့်အာဆီယံဆိုင်ရာ ကွန်ယက်အလုပ်အဖွဲ့ (Task Force on ASEAN and Burma)

ထိုင်း-မြန်မာနယ်စပ်အခြေစိုက်လှုပ်ရှားနေကြသော အရပ်ဘက်လူထုအဖွဲ့အစည်း တို့သည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် အမြင်ဖလှယ်ခြင်းနှင့် မိမိအဖွဲ့အစည်း လုပ်ငန်းများအားရှင်းလင်းတင်ပြခြင်းအပြင် အနာဂတ်ပူးပေါင်းလုပ်ဆောင်မှု အလားအလာ တို့အပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ နှီးနှောဖလှယ်ပွဲတွင် လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် သုံးသပ်ဖလှယ်ခြင်းများပြုလုပ်ခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဒုက္ခသည်ပြည်သူအရေးနှင့် ပြည်တွင်းအိုးအိမ် စွန့်ခွာသူများအရေး စသည့်ကဏ္ဍအသီးသီးအခြေအနေများကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးချက်များ

(၁) မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းသွားနေသည်ဟု အမည်ခံထားသော်လည်း စင်စစ် ဒီမိုကရေစီအတိုက်အခံအင်အားစုများ၊ ပြည်သူများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ပါဝင်မှုကိုလမ်း ဖွင့်မပေးဘဲ အစိုးရနှင့် တပ်မတော်၏ချုပ်ကိုင်ထားမှုကြောင့် စစ်မှန်သောတိုးတက်ဖြစ်ပေါ်မှုများ အလွန်နည်းပါးနေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပဋိပက္ခများကြောင့် လူ့အခွင့်အရေး အခြေအနေများ ပိုမိုဆုတ်ယုတ်သွားသည်ကို တွေ့ရှိရသည်။

(၂) ၂၀၁၄ စက်တင်ဘာလတွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် သဘောတူ ပြီးသားအချက်များကို တပ်မတော်ဘက်မှ ပြန်လည်ရုပ်သိမ်းခြင်း၊ ပြင်ဆင်မှုများပြုလုပ်ရန် တောင်းဆိုလာခြင်း များကြောင့် ဆွေးနွေးမှုများသည် ဖြစ်ပေါ်တိုးတက်မှုများမရှိဘဲ နောက်တစ်ဆင့် ပြန်ဆုတ်သွားသည်။ တစ်ချိန်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ညီညွှတ်မှု အားနည်းနေခြင်းသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုဖြစ်စဉ်ကို စိန်ခေါ်ချက်ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့ ဆွေးနွေးမှုများ နှောင့်နှေးနေချိန်တွင် တိုင်းရင်းသားလူနည်းစုဒေသများတွင် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်ကာလအတွင်းမှာပင် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဆက်လက်ဖြစ်ပေါ်နေပြီး အပစ်အခတ်ရပ်စဲထားပြီးသည့် ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာသည်ကိုတွေ့ရသည်။ ထို့ပြင် အခြားအပစ်အခတ် ရပ်စဲရေးပြုလုပ်ထားသောရပ်ဒေသ များတွင်လည်း အစိုးရတပ်များမှ တပ်အင်အားတိုးမြှင့်ခြင်း၊ တပ်ရင်းများ ပိုမိုအခြေခိုင်လာအောင် တိုးချဲ့တည်ဆောက်ခြင်းများကြောင့် ဒေသနေလူထုကြား စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလာလျက်ရှိသည်။ အထူးသဖြင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများနှင့် အတူ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်မှုများအပါအဝင် အခြားဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများအပြင် အမျိုးသမီးငယ်များ လူကုန်ကူးခံရခြင်းနှင့် လိင်လုပ်သားဘဝရောက်ရှိခြင်းများ ပိုမိုများပြားလာပြီး အလွန်စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိရသည်။ တိုင်းရင်းသားဒေသများတွင် ထိုစိန်ခေါ်မှုအခက်အခဲများ ဖြစ်ရခြင်း၏အကြောင်းရင်းသည် တပ်မတော်သည် အစိုးရ၏ထိန်းချုပ်မှုအောက်တွင်မရှိ၊ တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားနေသောကြောင့်ဖြစ်သည်ကိုတွေ့ရသည်။

(၃) ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအခြေအနေသည် ရန်ပုံငွေ လျော့ပါးလာခြင်းနှင့် အိမ်ရှင်နိုင်ငံ၏ မူဝါဒအပြာင်းအလဲများကြား ပိုမိုကြပ်တည်းလာပါသည်။ အလုပ်သမားများ အတွက် တရားဝင်စာရွက်စာတမ်းများကို ထုတ်ပေးခြင်းများလည်း စရိတ်မြင့်မားသောကြောင့် ကျောင်းသားနှင့် ဆရာများမှာ တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိပဲ သွားလာနေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။

(၄) ဒုက္ခသည်စခန်းများအား နိုင်ငံတကာအလှူရှင်များ၏ အထောက်အပံ့ပေးမှုများ လျော့ကျသွားခြင်းနှင့် အိမ်ရှင်အစိုးရမှ သွားလာလှုပ်ရှားမှုများကို တင်းကြပ်လိုက်ခြင်းကြောင့် ဒုက္ခသည်ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။ ပြည်တွင်းစစ်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အာမခံချက်များ မရှိခြင်းနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းနှင့် ပတ်သက်သော ကောလဟာလများ ကြောင့် ဒုက္ခပြည်သူများမှာ များစွာစိုးရိမ်ပူပန်နေလျက်ရှိသည်။ ထို့ပြင် ယခုကဲ့သို့ အသုံးပြုနိုင်ရန် ပြင်ဆင်မှုများရှိနေသည်ကိုတွေ့ရသည်။

အထက်ပါဆွေးနွေးသုံးသပ်ချက်များအပြင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ သုံးရက်တာ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲနှင့် နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေညာချက်အပေါ်တွင်လည်း ဆွေးနွေး၍ အမြင်သဘောထားများ ဖလှယ်ခဲ့ကြပါသည်။

အကြံပြုတောင်းဆိုချက်များ

(၁) “မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲ – အရပ်ဘက်လူထုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၅ ခုနှစ်နှင့်အလွန် ဖြစ်နိုင်ခြေ အလားအလာများ” ခေါင်းစဉ်ဖြင့် ၂၀၁၄ အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်ကို အပြည့်အဝထောက်ခံပြီး လက်ရှိအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ဤကြေညာချက်ပါ အကြံပြုချက်များအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန်။

(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် တပ်မတော်အား ဒီမိုကရေစီစံနှုန်းနှင့်အညီ အစိုးရထိန်းချုပ်မှု အောက်တွင်ရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော အဆောက်အအုံ တစ်ရပ်ဖြစ်လာစေရန် အရပ်ဘက်အဖွဲ့အစည်း များ၊ နိုင်ငံရေးအင်အားစုများ၊ လွှတ်တော်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဝိုင်းဝန်းဆောင်ရွက်ရန်။

(၃) နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်နှင့် ဆန့်ကျင်သော နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲနေမှုများကို လေးလေးနက်နက် သုံးသပ်ရန်နှင့် မိမိနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးအကျိုးအမြတ်ကို အခြေခံ၍ မြန်မာအစိုးရနှင့်ပူးပေါင်းလုပ်ဆောင်ရာတွင် မြန်မာပြည်သူများ ထိခိုက်နစ်နာစေသော အပြုအမူများကို ရှောင်ရှားရန်။

(၄) ပြန်လည်နေရာချထားခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် ဒုက္ခသည် အခြေပြုအဖွဲ့အစည်းများနှင့် ဒုက္ခသည်ပြည်သူများ၏ အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်ခွင့်ရှိရေး အာမခံရန်၊ ပြန်လည်နေရာချထားခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဒုက္ခသည်များမှ မိမိသဘောဆန္ဒ အလျောက်ဆုံးဖြတ်ခွင့်ကို အသိအမှတ်ပြုနှင့် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးခြင်းများ မဖြစ်စေရန်တို့ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ နိုင်ငံတကာအလှူရှင်များနှင့်အစိုးရများ၊ မြန်မာအစိုးရ၊ အိမ်ရှင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းရန်။

(၅) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကြား ညီညွှတ်ရေးတည်ဆောက်ရန် မပြေလည်မှု များအပေါ် ညှိနှိုင်းဆွေးနွေးအဖြေရှာ၍ ညီညွှတ်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို လက်တွဲညီညီ အတူတကွ ဆက်လက်အကောင်အထည်ဖော်ရန်။

(၆) လက်ရှိအစိုးရမှ တိုင်းရင်သားဒေသအသီးသီးရှိ ကျန်းမာရေး၊ ပညာရေးအစီအစဉ်များနှင့် အကောင်အထည် ဖော်မှုများအပါအဝင် ကျန်းမာရေးပညာရေးလုပ်သားများ၏ ကျွမ်းကျင်မှုအတတ်ပညာများ တရားဝင်အသိအမှတ်ပြုမှု ရှိရန်နှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအပေါ် ဗဟိုချုပ်ကိုင်မှုများလျော့ချ၍ ဖက်ဒရယ်မူပေါ် အခြေခံသော မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် အကောင်အထည်ဖော်မှုများပြုလုပ်ရန်။

ဆက်သွယ်ရန်  –  စောဘာဘလု +၆၆ (၀) ၀၈၆၂၀၇၀၄၂၅ မော်ဒေးမယ် +၆၆ (၀) ၈၀၁၂၀၅၂၇၉ စောဂျိုးဇက် +၆၆ (၀) ၉၄၃၉၇၀၆၉၉ +၉၅ (၀) ၉၉၇၂၄၇၂၉၂၇

——————-

“မြန်မာနိုင်ငံ အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲ – အရပ်ဘက်လူထုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၅ ခုနှစ်နှင့်အလွန် ဖြစ်နိုင်ခြေ အလားအလာများ”  ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေညာချက်ကို အောက်ပါ ဝက်ဆိုက်လိပ်စာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။  http://bit.ly/1rraeng

မြန်မာနိုင်ငံနှင့် အာဆီယံဆိုင်ရာ ကွန်ယက်အလုပ်အဖွဲ့ (Task Force on ASEAN and Burma) သည် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအရေးနှင့် အာဆီယံဆိုင်ရာ စည်းရုံးလှုံဆော်မှု လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရာ ဆုံချက်တစ်ခုဖြစ်ပြီး ပုံသေအဖွဲ့ဝင်သတ်မှတ်မှုမဟုတ်သည့် ကွန်ယက် အလုပ်အဖွဲ့တစ်ခုဖြစ်သည်။ 

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: ,

This post is in: Peace and National Reconciliation, Press Release

Related Posts
Statement of the Burma Civil Society Workshop on ASEAN
Statement from the Burma/Myanmar Delegation to the Solidarity for Asian Peoples Advocacy (SAPA) Workshops in Relation to the 21st ASEAN Summit in Cambodia
Civil Society Calls on Leaders to Promote a People-Centered ASEAN During Burma/Myanmar’s Chairmanship in 2014
Letter to ASEAN Heads of State
Statement from the Burma/Myanmar Delegation to the ACSC/APF 2012 in Phnom Penh, Cambodia